အာရီဇိုးနားပြည်နယ်ရှိ ပီမာ(Pima) အိန္ဒိယလူမျိုးတို့၏ အဆိုအရ လူသားအားလုံးနှင့် တိရစ္ဆာန်အားလုံး၏ ဖခင်သည် လိပ်ပြာတစ်ကောင်ဖြစ်သော ချာဝစ် မိတ်ခ်(Cherwit Make) (ကမ္ဘာမြေကို ဖန်ဆင်းသူ) ဖြစ်သည်။ ၎င်းသည် တိမ်တိုက်များမှတစ်ဆင့် တဖျပ်ဖျပ်ခတ်ပျံသန်းကာ အပြာရောင်ကမ်းပါးယံများ(Blue Cliffs) ပေါ်သို့ ဆင်းသက်လာပြီး […] မိမိ၏ ချွေးမှတစ်ဆင့် လူသားများကို ဖန်ဆင်းခဲ့သည်။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်လာကြပြီး အချင်းချင်း ရန်၊ ငြင်းခုံမှုများလည်း များပြားလာကြသည်။ ထို့ကြောင့် ချာဝစ် မိတ်ခ် (Cherwit Make) သည် မိမိဖန်ဆင်းထားသော လက်ရာများအပေါ် စက်ဆုပ်ရွံရှာလာပြီး ၎င်းတို့အားလုံးကို ရေလွှမ်းမိုး၍ သေဆုံးစေရန် ဆုံးဖြတ်ခဲ့သည်။ […]
ဟောက်ခ်(Hauk) ဟုခေါ်သော တောင်များတွင် နေထိုင်သည့် နတ်ဆိုးတစ်ကောင်ရှိခဲ့သည်။ ၎င်းသည် လူတို့၏ သမီးပျိုများကို ခိုးယူပြီး သားယောက်ျားတွေကို သတ်ဖြတ်လေ့ရှိသည်။ […]
ဆူဟာ(Suha)သည် ဟောက်ခ်(Hauk)နောက်သို့ တိတ်တဆိတ် လိုက်ကာ စူပါစတစ်ရှင်းတောင်တန်းများ (Superstition Mountains) အတွင်းသို့ ဝင်သွားခဲ့သည်။ ထို့နောက် ဟောက်ခ်(Hauk)၏ သမီးဖြစ်သူက သူ့အား ကျွေးမည့် ရှားစောင်း အရက်ထဲသို့ မူးယစ်စေသော ဆေးခတ်လိုက်သည်။ ထို့နောက် ဆူဟာ(Suha) သည် ပုန်းအောင်းနေသည့်နေရာမှ ရုတ်တရက် ထွက်လာပြီး မူးယစ်ကာ သတိလစ်နေသော နတ်ဆိုး၏ ဦးနှောက်ကို ရိုက်ခွဲသတ်ဖြတ်လိုက်သည်။ […]
ပီမာ(Pima) လူမျိုးတို့သည် ဤပရောဖက်ပြုချက်ကို အလွန်အမင်း ယုံကြည်ကြသောကြောင့် စူပါစတစ်ရှင်းတောင်တန်းများကို ဖြတ်ကျော်ရန်ပင် မဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုတောင်တန်းများ၏ နောက်ကွယ်တွင် ချာဝစ် မိတ်ခ်(Cherwit Make) သည် ပုန်းအောင်းနေပြီး ၎င်းတို့၏ မကောင်းမှုများ အဆုံးစွန်အထိ များပြားလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ထိုအချိန်ရောက်လာပါက တောင်တန်းများနောက်တွင် ပိတ်လှောင်ထားသော ရေထုကြီးကို လွှတ်ချပြီး ကမ္ဘာမြေတစ်ခုလုံးကို ရေလွှမ်းမိုးစေလိမ့်မည်ဟု သူတို့က ယုံကြည်ကြသည်။